နိဒါန်း

ERP စနစ်တစ်ခုဆိုတာဘာလဲ။ ဘာ့ကြောင့် လုပ်ငန်းတွေမှာ အသုံးချသင့်သလဲ။

သင်၏လုပ်ငန်း (သို့) အဖွဲ့အစည်းအတွက် ဘက်စုံသုံး လုပ်ငန်းခွင်အသုံးချ စနစ်တစ်ခုကို မဖြစ်မနေ လိုအပ်သည်ဟု ထင်မြင်ယူဆပြီးဖြစ်ပါက ဤစာမျက်နှာကို ကျော်သွားနိုင်ပါသည်။

ယနေ့ အသေးစား၊ အလတ်စားလုပ်ငန်း (SMEs) များအနေဖြင့် လုပ်ငန်းစတင် တည်ထောင်သည့် အချိန်ကစပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်း၊ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်များအား အကောင်အထည်ဖော်ခြင်း၊ အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း စသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် စီးပွားရေးလုပ်ငန်းကြီးများနည်းတူ အခက်အခဲများ၊ ရှုပ်ထွေးမှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းတွေဟာ ဒီလို အခက်အခဲတွေကို ဖြေရှင်းပြီး လုပ်ငန်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် စီမံခန့်ခွဲ အကောင်အထည်ဖော် လုပ်ကိုင်ကြရာမှာတော့ လုပ်ငန်းရဲ့အရင်းအမြစ်တွေကို အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်ခြင်း၊ နည်းပညာနှင့် အရင်းအနှီး မလုံလောက်ခြင်း၊ စတဲ့လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေနဲ့ ထပ်မံကြုံတွေ့ရပြန်ပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းတွေအနေနဲ့ (လုပ်ငန်းကြီးများနည်းတူ) လုပ်ဆောင်ရတာတွေကတော့

  • လုပ်ငန်း၏ အရောင်း၊ အဝယ်၊ ပေးရန်ရှိ၊ ရရန်ရှိ စသည့် စာရင်းအင်းများကို ပြုစုထားရှိခြင်း၊

  • အခွန်ဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်ခြင်း၊

  • ဝန်ထမ်း၊ လုပ်သားများကို လုပ်အားခနှင့်လစာငွေများ ပေးချေခြင်း၊

  • ကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်အချိန်၊ သတ်မှတ်နေရာသို့ ဖောက်သည်ထံသို့ ကတိကဝတ်ပြုထားသည့်အတိုင်း အရောက်ပို့ဆောင် ပေးအပ်နိုင်ရန် စီမံခန့်ခွဲခြင်း၊

  • ရောင်းကုန်များကို အရည်အသွေးပြည့်မီစေရန် စီမံဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင်ခြင်း၊

  • ဖောက်သည်များနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်း၊ စုံစမ်းမေးမြန်းမှုများကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားခြင်း၊

စတာတွေပဲဖြစ်ပါတယ်။

ERP စနစ်တခု ဆိုသည်မှာ

ERP (Enterprise Resource Planning) ဆိုသည်မှာ လုပ်ငန်းစီမံခန့်ခွဲမှု အသုံးချစနစ် (Business Managent Software) အမျိုးအစားဖြစ်ပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထည့်သွင်းခြင်း၊ မှတ်တမ်းထိမ်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း နှင့် အစီရင်ခံခြင်း တို့အပြင် အလိုအလျောက် လုပ်ဆောင်ချက်များစွာတို့က နေ့စဉ်လုပ်ငန်းလည်ပတ်မှုကို အထောက်အကူပြုပါတယ်။

လုပ်ငန်းအရွယ်အစားအမျိုးမျိုး တို့သည် (အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစား နှင့် အလွန်ကြီးမားသော အဖွဲ့အစည်းကြီးများဖြစ်စေကာမူ) ERP စနစ်တခုကို အသုံးချခြင်းကြောင့် အကျိုးများစေမှာ ဖြစ်ပါတယ်။

ERPNext မိတ်ဆက်

ERPNext သည် လုပ်ငန်းတစ်ခု၏ ဌာနအသီးသီးမှ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထည့်သွင်းခြင်းအားဖြင့်၊ လုပ်ငန်းအတွက် အထောက်အကူပြုမည့် အစီရင်ခံစာများကို တစ်ပေါင်းတစ်စည်းတည်း ကြည့်ရှု့နိုင်မည့် စနစ်အလုံးစုံပါဝင်သော လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အသုံးချစနစ်တခု ဖြစ်ပါတယ်။

ERPNext သည် ပင်မကြောရိုးစနစ် တခုအနေဖြင့် လုပ်ငန်းကို အထောက်အပံ့ပေးထားပြီး၊ ၄င်းမှရရှိသော အချက်အလက်များကို အသုံးချခြင်းအားဖြင့် လုပ်ငန်း၏အားသာချက်၊ လုပ်ငန်းတွင်း ပွင့်လင်းမြင်သာရှိမှု၊ လုပ်ငန်းကို ပိုမိုထိရောက်စွာ ထိန်းကျောင်းမောင်းနှင်နိုင်မှု စသည့်အကျိုးများရရှိပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်းများ (SMEs) အနေဖြင့် ERPNext ကိုအသုံးပြု၍ စုစည်းထားသော တိကျခိုင်မာသည့် မှတ်တမ်းများ၊ အစီရင်ခံစာများကို အခြပြုကာ၊ အချိန်နှင့်တပြေးညီ ချမှတ်ဖို့လိုအပ်သော ဆုံးဖြတ်ချက်များကို ဆောလျင်စွာ ချမှတ်နိုင်ခြင်းအားဖြင့်၊ ယှဉ်ပြိုင်မှုတိုင်းမှာ မိမိတို့လုပ်ငန်းကို အသာရရှိနေစေမည့် အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။

ERPNext ကိုအသုံးပြုခြင်းအားဖြင့်

  • အရောင်း၊ အဝယ်ပြေစာများနှင့် ငွေပေးချေမှုများကို အလွယ်တကူ ခြေရာခံခြင်း၊

  • ကုန်လက်ကျန်များကို အချိန်နှင့်တပြေးညီ သိရှိခြင်း၊

  • လုပ်ငန်းအတွင်း စွမ်းဆောင် ရည်တိုင်းတာချက်များ (KPIs) ကို ဖော်ထုတ်သိရှိခြင်း၊

  • ဖောက်သည်အသစ်များ၏ ဆက်သွယ်စုံစမ်း မေးမြန်းမှုများကို ပြန်ကြားခြင်း၊

  • ဝန်ထမ်းရေးရာ အချက်အလက်များကို စီမံခန့်ခွဲခြင်း၊

  • လုပ်ခ/လစာ ကိစ္စရပ်များကို လုပ်ဆောင်ခြင်း၊

  • လုပ်ငန်းတာဝန်များကို ချမှတ်ခြင်းနှင့် လုပ်ငန်းစဉ်တိုးတက်မှုကို ခြေရာခံခြင်း၊

  • လုပ်ငန်း၏ ဖောက်သည်များ၊ ကုန်ပေးသွင်းသူများ နှင့် အဆက်အသွယ်များကို မှတ်တမ်းတင် ထိမ်းသိမ်းထားရှိခြင်း၊

  • ဈေးနှုန်းအဆိုပြုလွှာများကို သတ်မှတ်ခြင်း၊

  • လုပ်ငန်း၏ ခန့်မှန်းစရိတ်နှင့် အသုံးစရိတ် ကိုသိရှိခြင်း၊

  • ကုန်ထုတ်လုပ်မှု အဆင့်တိုင်းကို ခြေရာခံခြင်း၊

  • ကုန်ကြမ်း၊ လုပ်ငန်းသုံး စက်ကိရိယာများနှင့် ထုတ်လုပ်မှုစရိတ်များ အပေါ်မူတည်ပြီး သင့်တော်သော ရောင်းဈေးကို သတ်မှတ်ခြင်း၊

  • ပုံသေပိုင်ပစ္စည်းများကို စီမံခန့်ခွဲခြင်း၊

  • ရင်းနှီးမြုပ်နှံမှုနှင့် ရှယ်ယာရှင်များစာရင်းကို ပြုစုခြင်း၊

  • လုပ်ငန်း၏ ဝက်ဘ်ဆိုက်စာမျက်နှာ (Homepage) ကိုရေးသားဖွင့်လှစ်ခြင်း၊

  • ရောင်းကုန်များ၊ ဝန်ဆောင်မှုများကို လုပ်ငန်း၏ ဝက်ဘ်ဆိုက် (Website) ပေါ်တွင်တင်ပြခြင်း၊ ရောင်းချခြင်း၊

စသည်ဖြင့် လုပ်ငန်းအတွက် အထောက်အပံ့များစွာ ရရှိမှာဖြစ်ပါတယ်။

ERPNext အသုံးပြုနိုင်တဲ့ လုပ်ငန်းများ

ERPNext ကို အသေးစား၊ အလတ်စားလုပ်ငန်းများအပြင် လုပ်ငန်းကြီးများတွင်လည်း ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။

နိုင်ငံတကာရှိ ထုတ်လုပ်ရေး၊ ဖြန့်ချီရေး၊ ရောင်းဝယ်ရေး၊ ဝန်ဆောင်မှု၊ လယ်ယာနှင့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်း အစရှိသော လုပ်ငန်းနယ်ပယ်မျိုးစုံရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ သာမက အကြီးစားလုပ်ငန်းများတွင်ပါ ERPNext ကို လက်တွေ့အသုံးပြုလျက် ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

အောက်ပါလင့်များကို ဆက်လက်ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Was this article helpful?

On this page